Breaking News
Loading...
Sunday, September 8, 2013

Info Post



ရန်ကုန်တိုင်းအတွင်းက ကိုယ်ပိုင်မော်တော်ယာဉ်တွေ လာမယ့် ၂၂ ရက်နေ့မှာတော့ မနက် ၆ နာရီက ညနေ ၃ နာရီ အတွင်း မောင်းခွင့် မရှိပါဘူး။ 

ဒါဟာ ရန်ကုန်တိုင်း ယာဉ်စည်းကမ်း ထိမ်းသိန်းရေးနဲ့ ကြီးကြပ်ရေး ကော်မတီက အဲနေ့ကို နံပါတ်အနက် မော်တော်ယာဉ်တွေ မသုံးရနေ့အဖြစ် သတ်မှတ်လိုက်လို့ပါပဲ။ 

လာမယ့် စက်တင်ဘာလ ၂၂ ရက်နေ့မှာ ရန်ကုန်မြို့မှာ ရှိတဲ့ အလုပ်ရုံ၊ စက်ရုံ၊ ကျောင်း၊ စက်မှုဇုန် ယာဉ်နံပါတ် အနက်များ အပါအ၀င် ကိုယ်ပိုင် မော်တော်ယာဉ်များအားလုံးကို မနက် ၆ နာရီမှ ညနေ ၃ နာရီ အထိ ကိုယ်ပိုင် မော်တော်ယာဉ်များ မသုံးရနေ့အဖြစ် ပြီးခဲ့တဲ့ ရက်ပိုင်းက သတ်မှတ်လိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ 

အဆိုပါ ကိုယ်ပိုင် မော်တော်ယာဉ် မသုံးရနေ့ကို မြန်မာနိုင်ငံမှာ ယခုအချိန်ထိ သတ်မှတ် ကျင်းပသေးတာ မရှိသေးဘဲ တပ်မတော်မှာတော့ ကားမသုံးရနေ့ကို လွန်ခဲ့တဲ့နှစ် ၅၀ က တည်းက သတ်မှတ်ပြီး လစဉ် တနင်္ဂနွေနှစ်ရက်ကို သတ်မှတ်ထားရှိပေးခဲ့တာ ဖြစ်ပါတယ်။ လို့ MRTV 4 သတင်းတပုဒ်က ဖော်ပြထားပါတယ်။ 

အခုလို သတ်မှတ်လိုက်ရတာလည်း ရန်ကုန်တိုင်းအတွင်းမှာ မော်တော်ယာဉ် များပြားလာတဲ့အတွက်ကြောင့် လေထုညစ်ညမ်းမှုတွေ ဖြစ်လာကို သက်သာစေဖို့ ဖြစ်သလို အဲဒီ တရက်တာမှာ လမ်းလျှောက်သူတွေ၊ စက်ဘီးစီးသူတွေကို အားမြှင့်ပေးရာလည်း ရောက်စေမှာလည်း ဖြစ်သလို စက်သုံးဆီ ချွေတာတာလည်း ဖြစ်ပါတယ်လို့ MRTV 4 သတင်းတပုဒ်က ဆိုပါတယ်။ 

နောက်ထပ် အကြောင်းတခုက နိုင်ငံခြား တိုင်းပြည်တွေမှာလည်း စက်တင်ဘာလ ၂၂ ရက်နေ့ကို ယာဉ်မသုံးရနေ့အဖြစ် သတ်မှတ်ထားတာကြောင့်လည်း ဖြစ်ပါတယ်တဲ့။ 

MRTV 4 ရဲ့ သတင်းဖော်ပြချက်အရတော့ အဲဒီနေ့မှာ မော်တော်ယာဉ် နံပတ် အနက် (ကိုယ်ပိုင်ယာဉ်)တွေ မောင်းရင် ဘယ်လို စည်းကမ်းဖောက်ဖျက်မှုတွေနဲ့ အရေးယူတာမျိုး မပါသလို ကိုယ့်အသိစိတ်နဲ့ကို ယာဉ်မမောင်းဖို့ သတ်မှတ် နှိုးဆော်ထားပုံလည်း ရပါတယ်။ 

တခါ ကျန်းမာရေးအရအရေးပေါ် အသုံးပြုခွင့် ရှိ၊ မရှိ၊ ဆိုတာမျိုးလည်း သဲသဲကွဲကွဲ မရှိပါဘူး။ တရက်တာ ရန်ကုန်တိုင်းအတွင်း မော်တော်ယာဉ် နံပတ် အနက်တွေ မသုံးစွဲလိုက်တဲ့အတွက် သက်သာသွားမယ် လောင်စာဆီ ပမာဏကိုလည်း ခန့်မှန်းဖော်ပြထားတာ မရှိပေမယ့် တရက်ဆို ဆိုသလောက် ရန်ကုန်တိုင်းအတွင်း မော်တော်ယာဉ်တွေက ထုတ်လွှတ်တဲ့ ကာဗွန် ပမာဏ နည်းနည်း သက်သာသွားတယ်ဆိုရင်ပဲ သဘာဝ ပတ်ဝန်းကျင်အတွက် နည်းနည်းတော့ ထိခိုက်တာ သက်သာသွားမှာပါ။

မော်တော်ယာဉ်များပြားမှုကို ဖြေရှင်းတဲ့နေရာမှာ လိုအပ်တဲ့ အခြေခံ အဆောက်အဦပိုင်းတွေကို လူဦးရေ၊ မြို့ပြ အကျယ်အ၀န်း၊ ယာဉ်အရေအတွက်တွေနဲ့ အချိုးချ အဆင်ပြေမယ့် နည်းလမ်းကောင်းတွေနဲ့ ဖန်တီးဖို့လည်း နိုင်ငံတော်အပိုင်းက လိုအပ်နေတာ ကြာပါပြီ။ 

ရည်ရွယ်ချက် ကောင်းကောင်းနဲ့ ယာဉ် မသုံးရနေ့အဖြစ် သတ်မှတ်တာ ဖြစ်ပေမယ့် တနှစ်တခါမျိုး မဟုတ်ဘဲ အမှန်တကယ် အကျိုးရှိစေမယ့် တခြား နည်းလမ်းကောင်းတွေ ဖန်တီးပြီး မူလ ရည်ရွယ်ချက်တွေ ပြည့်မီအောင်လည်း ကြိုးစားသင့်ပါတယ်။


အိမ့်သံစဉ်
ဧရာဝတီ