Breaking News
Loading...
Monday, September 23, 2013

Info Post

မန်စီးတီးဟာ နီဂရီဒို၊ အဂူရို တိုက်စစ်အတွဲအဖက်နဲ့ ပွဲထွက်လာခဲ့ပြီးပေါင်ခြံဒဏ်ရာကြောင့်ဗန်ပါစီ မပါဝင်နိုင်တဲ့အတွက် မန်ယူတိုက်စစ်ကတော့ ရွန်နီ၊ ၀ဲလ်ဘက်တို့ကို တွဲဖက်ကစားစေခဲ့ပါတယ်။ ဒါပေမဲ့ မန်ယူဟာ ကွန်ပနီပါဝင်လာတဲ့ မန်စီးတီးခံစစ်ကို ထိရောက်တဲ့ ထိုးဖောက်မှုတွေ မလုပ်နိုင်ခဲ့ပါဘူး။ ပွဲအစ (၁၀)မိနစ်မှာပဲ မန်စီးတီးတို့ ဂိုးသွင်းခွင့် စရခဲ့ပြီး တကယ်ဂိုးရသွားခဲ့တာကတော့ ပွဲချိန် (၁၅)မိနစ်မှာပါ။ ဘယ်တောင်ပံကနေ နာဆရီ ချပေးတဲ့ ဘောလုံးကို ကိုလာရော့ဗ် ဖြတ်တင်ပေးခဲ့ရာမှာ အဂူရိုက ဘယ်ခြေနဲ့ လှည့်ကန်ပြီး လှလှပပ သွင်းယူသွားခဲ့တာပါ။

ဒီနောက်မှာလည်း မန်စီးတီးတို့ ဂိုးသွင်းခွင့် ထပ်ရခဲ့ပြီး ပင်နယ်တီ ရပိုင်ခွင့်တွေလည်း ရှိခဲ့ပါတယ်။ မန်စီးတီးအတွက် ဒုတိယ အနိုင်ဂိုးတော့ ပထမပိုင်း နာကျင်အချိန်ပိုမှာ တောင့်ကန်ဘောကတစ်ဆင့် တိုရေးက အနီးကပ် ပိတ်သွင်းယူခဲ့တာပါ။ ဒါ့အပြင် ဒုတိယပိုင်း ပြန်စပြီး (၂)မိနစ်အကြာမှာပဲ မန်စီးတီးတို့ ဂိုးထပ်ရသွားခဲ့တဲ့အတွက် မန်ယူတို့ ဖိအားပိုများသွားခဲ့ရပါတယ်။ နီဂရီဒို ဘယ်တောင်ပံက ထိုးဖောက်လာပြီး ဖြတ်တင်ပေးလိုက်တာကိုအဂူရိုက ပြေးဝင်ပိတ်သွင်းခဲ့တာကြောင့် မန်စီးတီးတို့ သုံးဂိုးပြတ် ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒီဂိုးရပြီးတဲ့နောက် (၃)မိနစ်အကြာမှာလည်း ညာတောင်ပံကနေ နာဗက်စ် တစ်ကိုယ်တော် ထိုးဖောက်လာပြီး ကန်တင်ပေးလိုက်တာကို နာဆရီက ကန်သွင်းယူနိုင်ခဲ့လို့ မန်ယူတို့ လေးဂိုးပြတ် ရှုံးနိမ့်နေခဲ့ပါတယ်။ မန်စီးတီးဟာ မန်ယူနဲ့ ကစားခဲ့တဲ့ ပွဲတွေမှာ သွင်းဂိုး(၄)ဂိုးနဲ့၊ (၄)ဂိုးအထက် သွင်းနိုင်တဲ့ပွဲ (၃)ပွဲ ရှိလာခဲ့တာပဲဖြစ်ပါတယ်။ ဒီနောက်မှာတော့ မန်ယူဟာ အက်ရှ်လေယန်းအစား ကလီဗာလေကို ထည့်သွင်းပြီး ကွင်းလယ်ဗဟိုကနေ အားပြုဖို့ ကြိုးပမ်းခဲ့ပေမယ့် မိုရက်စ်ရဲ့ နည်းဗျူဟာကတော့ အလုပ်မဖြစ်ခဲ့ပါဘူး။ မန်ယူတို့ နှစ်သိမ့်ဂိုးကိုတော့ ပွဲချိန်(၈၇)မိနစ်မှာ ပြစ်ဒဏ်ဘောကတစ်ဆင့် ရွန်နီက သွင်းယူပေးခဲ့ပြီး ဒီကစားသမားဟာ မန်ချက်စတာ ဒါဘီပွဲမှာ စုစုပေါင်း သွင်းဂိုး (၁၁)ဂိုး ရှိလာခဲ့တဲ့အတွက် မန်ချက်စတာဒါဘီပွဲမှာ ဂိုးအများဆုံးသွင်းယူထားသူ
ဖြစ်လာခဲ့ပါတယ်။

ဇော်ထွန်း(ရိုးရာလေး)