လေများတိုက်ခတ်ပြီး မိုးများရွာသွန်းနိုင်သည့်အတွက် သုံးရက်အတွင်း ရေကြီးမှုများ ဖြစ်ပေါ်လာ နိုင်သည်
ဗီယက်နမ်နိုင်ငံတွင် စက်တင်ဘာ ၁၈ ရက် ညပိုင်းက တိုက်ခတ်ခဲ့သည့် (USAGI-2319 w) အမျိုးအစား မုန်တိုင်း၏ အကြွင်းအကျန်များသည်
မြန်မာနိုင်ငံအတွက် စိုးရိမ်ဖွယ်ရာရေကြီးနိုင်သည့် အနေအထားဖြစ်သည်ဟု မိုးလေ၀သနှင့်ဇလဗေဒဦးစီးဌာန၊ ညွှန်ကြားရေးမှူး(ငြိမ်း)ထွန်းလွင်က မဇ္ဈိမသို့ ပြောကြားလိုက်သည်။
မုန်တိုင်း အကြွင်းအကျန်များသည် ၎င်းဖြစ်ပွားခဲ့သည့်နေ့မှ သုံးရက် အကြာတွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာနိုင်မည်ဟု လည်း ခန့်မှန်း ပြောဆိုလိုက်သည်။
“ဗီယက်နမ်မုန်တိုင်းရဲ့ အကြွင်းအကျန်တွေက မြန်မာနိုင်ငံအတွင်း စိုးရိမ်ရတဲ့အခြေအနေလို့ပဲ ပြောချင်တယ်။ ဒီကိုရောက်လာတဲ့အခါ မုန်တိုင်းတော့ မဟုတ်တော့ဘူး။ မုန်တိုင်းအကြွင်းအကျန် ဖြစ်သွားပြီ။
မြန်မာနိုင်ငံအတွင်း ၀င်လာမယ်ဆိုရင်တော့ မိုးတွေပဲရွာမယ်၊ ဒီလိုဆိုရင်တော့ ရေကြီးဖို့အတွက်ကို စိုးရိမ်ရတယ်”ဟု ဦးထွန်းလွင်က သုံးသပ် ပြောဆိုသည်။
ယခုဖြစ်ပွားခဲ့သည့် မုန်တိုင်းမှာ တောင်တရုတ်ပင်လယ်မှ စတင် ဖြစ်တည်လာပြီး ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း ကမ်းခြေသို့ ဖြတ်ကျော်ဝင်ရောက် တိုက်ခတ်သွားခြင်းဖြစ်သည်။ မုန်တိုင်းတိုက်ခတ်မှုကြောင့် ဗီယက်နမ်နိုင်ငံအတွင်း၌ ၂၄ နာရီခန့် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး မိုးရေချိန် ခုနစ်လက်မနှင့် ရှစ်လက်မအကြား မြင့်တက်ခဲ့သည်။
“မြန်မာနိုင်ငံကို ၀င်လာတဲ့အခါမှာ မိုးရေချိန်လက်မက အကြမ်းဖျင်းအနေနဲ့ နှစ်လက်မနဲ့ သုံးလက်မကြားလို့တော့ သတ်မှတ်လို့ ရတယ်။ စိုးရိမ်ရတာက ရေကြီးပြီးသားဖြစ်တဲ့ ကရင်ပြည်နယ်တွေမှာ ဆိုရင်လည်း မိုးရွာရင် ပြန်ကြီးနိုင်တယ်။ မွန်ပြည်နယ်နဲ့
မြစ်ဝကျွန်းပေါ်ဒေသတွေလည်း စိုးရိမ်ရတယ်”ဟု ဦးထွန်းလွင်က ဆိုသည်။
အဆိုပါ မုန်တိုင်းသည် စက်တင်ဘာ ၁၉ ရက်တွင် လာအိုနှင့်ထိုင်းနိုင်ငံများသို့ ဖြတ်ကျော် ၀င်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ အတွင်းသို့ စက်တင်ဘာလ ၂၁ ရက်တွင် ရောက်ရှိနိုင်ကြောင်း ခန့်မှန်းချက် ထုတ်ပြန်ထားသည်။ ဒါ့အပြင် ရေဘေး အန္တရာယ်ဆိုင်ရာ လိုက်နာဆောင်ရွက်သင့်သည်များကိုလည်း မြန်မာ့အသံ MR- TV တို့မှ ထုတ်လွှင့်ပေးလျက် ရှိသည်။
credit:mizzima