Breaking News
Loading...
Sunday, September 29, 2013

Info Post

မက်ဒရစ်ဒါဘီ ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ရီးရဲလ်နဲ့ အက်သလက်တီကိုတို့ရဲ့ ပွဲမှာတော့ အိမ်ရှင်ရီးရဲလ်ဟာ ဘာနေဗျူးမှာ ရှုံးပွဲကြုံသွားခဲ့ရပါတယ်။ ရီးရဲလ်နဲ့ အက်သလက်တီကိုဟာ ပြီးခဲ့တဲ့ စပိန်ဘုရင့်ဖလားမှာလည်း တွေ့ဆုံခဲ့ပြီး အဲဒီပွဲမှာ အက်သလက်တီကို အနိုင်ရခဲ့တာကြောင့် ရီးရဲလ်တို့ ရှုံးကြွေးဆပ်ဖို့ ပြင်ဆင်လာခဲ့ပေမယ့် ထိရောက်တဲ့ အဆုံးသတ်မှုမျိုးမရှိခဲ့တာနဲ့ အက်သလက်တီကို ဂိုးသမား ကော်တိုရစ် လက်စွမ်းငြိမ်ခဲ့တာတွေကြောင့် ဂိုးမရခဲ့တာပါ။

ရီးရဲလ်ဟာ အခုပွဲမှာ (၄-၂-၃-၁)ပုံစံနဲ့ ပွဲထွက်လာပြီး တိုက်စစ်မှာ ဘန်ဇီမာကိုပဲ အထောင်ထားကစားသွားခဲ့ပါတယ်။ အက်သလက်တီကိုကလည်း (၄-၂-၃-၁)ပုံစံမှာ ဒေးဗစ်ဗီလာနဲ့ ဒီယေဂိုကော်စတာတို့ကို တိုက်စစ်အတွဲအဖက်အဖြစ် အသုံးပြုခဲ့ပြီး အန္တရာယ်ရှိလောက်တဲ့ ထိုးဖောက်မှုမျိုးတွေ လုပ်ပြသွားနိုင်ခဲ့ပါတယ်။ အက်သလက်တီကိုအတွက် အဖွင့်ဂိုးကို ကိုကီ အကွက်မြင်မြင် ထိုးပေးရာကနေ ဒီယေဂိုကော်စတာကို ရီးရဲလ် လူကျွံထောင်ချောက်ကို ဖောက်ထွက်ပြီး ဂိုးသမားနဲ့ တစ်ယောက်ချင်းအတွေ့ သက်သောင့်သက်သာ သွင်းယူခဲ့တာပါ။

အက်သလက်တီကိုရဲ့ ပထမပိုင်းခြေစွမ်းဟာ ရီးရဲလ်ကို နှစ်ဂိုးပြတ် ဦးဆောင်ခွင့်ရနိုင်ခဲ့ပြီး ဒုတိယအကြိမ် ရလာတဲ့အခွင့်အရေးကို တီယာဂို ခေါင်းတိုက်ခဲ့ရာမှာ ဂိုးဘားပေါ်က ကျော်သွားတဲ့အတွက် နစ်နာခဲ့ရပါတယ်။ ဒုတိယပိုင်းမှာတော့ ရီးရဲလ်ဟာ ဘေးလ်၊ မိုဒရစ်တို့ကို တစ်ပြိုင်နက် ထည့်သွင်းပြီး ချေပဂိုး ပြန်ရဖို့ကြိုးပမ်းခဲ့ပေမယ့် အရာမထင်ခဲ့ဘဲ အက်သလက်တီကိုဘက်က ကိုကီ၊ တီယာဂိုတို့ရဲ့ ကန်ချက်တွေ ဘားထိ၊ တိုင်ထိဖြစ်ခဲ့လို့သာ ရီးရဲလ်တို့ ဂိုးပြတ်မရှုံးခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ အနိုင်ရခဲ့တဲ့အတွက် အက်သလက်တီကိုဟာ နောက်ဆုံးကစားခဲ့တဲ့ အဝေးကွင်း(၅)ပွဲမှာ ရာနှုန်းပြည့်အနိုင်ရခဲ့ပြီး (၇)ပွဲကစား၊ ရမှတ်(၂၁)မှတ်နဲ့ ဘာကာကို ဖိအားဆက်ပေးနိုင်ခဲ့ပါတယ်။

ဇော်ထွန်း(ရိုးရာလေး)