မော်ရင်ညိုနှင့် ဂွါဒီယိုလာ လက်အောက်တွင် ကစားခဲ့ဖူးသော ဆွီဒင် တိုက်စစ်မှုး ဇလတန် အီဗရာဟီမိုဗစ်သည် အဆိုပါ နည်းပြနှစ်ဦးကြား ကွာခြားချက်ကို ကိုယ်ရေး အတ္ထုပတ္တိတွင် ဖွင့်ချရေးသား သွားခဲ့သည်။ အင်တာမီလန်တွင် မော်ရင်ညိုဖြင့် လက်တွဲခဲ့ဖူးသလို၊ ဘာစီလိုနာတွင် ဂွါဒီယိုလာဖြင့် လက်တွဲခဲ့ဖူးသော ဇလတန်သည် "I am Zlatan Ibrahimovic" ဟု အမည်ပေး ထားသည့် ကိုယ်ရေး အတ္ထုပတ္တိ စာအုပ် ထုတ်ဝေ ခဲ့သည်။
အဆိုပါ စာအုပ်တွင် ဇလတန်က - "မော်ရင်ညိုဟာ ဂရိတ်ကြယ်ပွင့် တစ်ပွင့်ပါ၊ အင်တာမီလန် မှာတုန်းက သူဟာ ကျွန်တော့်ရဲ့ မန်နေဂျာပါ၊ သူဟာ လူကောင်းတစ်ယောက်ပါ၊ ကျွန်တော့်ရဲ့ အိမ်သူသက်ထား ဟယ်လင်နာကို စတွေ့တွေ့ချင်း မော်ရင်ညိုဟာ ဟယ်လင်နာကို - ဟယ်လင်နာ မင်းလုပ်ရမယ့် အထူးတာဝန် တစ်ရပ်ရှိတယ်၊ ဇလတန်ကို ကောင်းကောင်း ပြုစုပါ၊ ကောင်းကောင်း အိပ်ခိုင်းပါ၊ ပြီးတော့ ပျော်အောင်ထားပါ" ဆိုပြီး သူပြောချင်တာတွေ ပြောချသွားတယ်၊ ကျွန်တော် သူ့ကို သဘောကျတယ်"
"သူဟာ တကယ့်ကို သူ့အဖွဲ့အစည်း အတွက် ခေါင်းဆောင် ကောင်းပါ၊ ပြီးတော့ သူ့လက်အောက်ကို အရမ်းလည်း ဂရုစိုက်တတ်တယ်၊ ကျွန်တော့်ရဲ့ အသင်းအတွက် စွမ်းဆောင် မှုတွေနဲ့ ပတ်သက်ပြီးတော့လည်း အမြဲလိုလိုကို ဖုန်းနဲ့ စာတိုပို့ပြီးတော့ ချီးကျူးမှုတွေ လုပ်လေ့ရှိတယ်၊ သူရဲ့ ခေါင်းဆောင်မှုက ပတ်ဂွါဒီယိုလာနဲ့ လုံးဝ ဆန့်ကျင်ဘက်ပါ၊ တကယ်တော့ အခန်းတစ်ခန်းမှာ မော်ရင်ညိုက မီးထွန်း/ဖွင့် လိုက်တဲ့သူဆို၊ ဂွါဒီယိုလာက ကန့်လန့်ကာ ဆွဲတဲ့သူပါ၊ ကျွန်တော့် အမြင်မှာတော့ ပတ်ဂွါဒီယို လာဟာ မော်ရင်ညိုကို လိုက်ပြီး ပြိုင်ဆိုင် တုပနေတဲ့သူပါ၊ ကျွန်တော်ဟာ မော်ရင်ညိုအတွက် ဘာပဲ လုပ်ပေးရ လုပ်ပေးရ၊ အသက်ပါ အသေခံရဲသူပါ " ဟု ဖွင့်ချရေးသား သွားခဲ့သည်။