ချက်သမ္မတနိုင်ငံတွင် ကျင်းပမည့် ဒီမိုကရေစီကူးပြောင်းသော နိုင်ငံများ အရေး ဆွေးနွေးပွဲသို့ တက်ရောက်ရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပ ရှစ်ရက်ကြာခရီးစဉ်ကို စက်တင်ဘာ ၁ဝ ရက် ည ၇နာရီ မိနစ် ၃ဝ အချိန်တွင် စတင်ကြောင်း အဆိုပါတီ အတွင်းရေးမှူး ဦးဉာဏ်ဝင်းက The Voice သို့ ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပခရီးစဉ် အတွင်း ပိုလန်နိုင်ငံ၊ ဟန်ဂေရီနိုင်ငံ၊ ချက်နိုင်ငံတို့သို့ သွားရောက်မည်ဖြစ်ကြောင်း ၄င်းက ဆိုသည်။
အဆိုပါခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာလ ၁၁ ရက် နေ့တွင် ပိုလန် အောက်လွှတ်တော်ဥက္ကဋ္ဌ Ms Ewa Kopcz ၊ ပိုလန်နိုင်ငံ ဆီးနိတ်လွှတ်တော် ဥက္ကဋ္ဌ Mr.Bogdan Borusewicz တို့နှင့် တွေ့ဆုံမည်ဖြစ်ပြီး စက်တင်ဘာလ ၁၂ ရက်နေ့တွင် ပိုလန်သမ္မတ Bronislaw Komoroski နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးအချို့တို့နှင့် တွေ့ဆုံမည် ဖြစ်ကြောင်း NLD ပါတီထံမှ သိရှိရသည်။
စက်တင်ဘာလ ၁၃ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် ဟန်ဂေရီသမ္မတ Jonas Ader၊ ဟန်ဂေရီ အောက်လွှတ်တော်ဥက္ကဋ္ဌ၊ အထက်လွှတ်တော် ဥက္ကဋ္ဌနှင့် ဟန်ဂေရီတက္ကသိုလ် များမှ နိုင်ငံရေးသိပ္ပံ ပညာရှင်များနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း NLD ပါတီ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ယင်းခရီးစဉ်အတွင်း နိုဘယ်လ်ငြိမ်း ချမ်းရေးဆုရှင် တောင်အာဖရိက သမ္မတဟောင်း ဝီလျံဒီက လပ် နှင့်လည်း တွေ့ဆုံမည်ဖြစ်ကြောင်း NLD ပါတီခေါင်းဆောင်များက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ချက်နိုင်ငံတွင် ကျင်းပမည့် ဒီမိုကရေစီ အသွင်ကူးပြောင်းသော နိုင်ငံများအရေး Forum 2000 ဆွေးနွေးပွဲတွင် ချက်သမ္မတနိုင်ငံ သမ္မတ Mr.Milos Zeman နှင့်အတူ မိန့်ခွန်းပြောကြားမည် ဖြစ်ကြောင်း အဆိုပါ ဖိုရမ်ကျင်းပရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော် မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၃ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စု၊ ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ မွန်ဂိုလီးယားနိုင်ငံတို့သို့ သွားရောက်ခဲ့သည်။
The Voice Weekly