Breaking News
Loading...
Wednesday, September 11, 2013

Info Post


အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ပြိုင်ပွဲ၏ အုပ်စု (ခ) အဖွင့်ပွဲစဉ်အဖြစ် လာအို အသင်းနှင့် မြန်မာအသင်းတို့၏ ပွဲစဉ်ကို ယနေ့ ညနေ(၃း၃၀)နာရီက ကျင်းပခဲ့ရာ မြန်မာ အသင်းက ခြေစွမ်း အသာစီးဖြင့် ကစားကာ ပွဲအပြီးတွင် (၀-၅)ဂိုးဖြင့် လာအိုအသင်းကို အနိုင်ရခဲ့သည်။

မြန်မာအသင်းတွင် ပွဲထွက် ကစားသမားများ အဖြစ် မြဖူးငုံ၊ စန်းစန်းမော်၊ မိုးမိုးဝါ၊ ရွှေစင်အောင်၊ ဖူးပွင်းခိုင်၊ သန်းသန်းထွေး၊ ဇင်မာဝင်း၊ နော်အားလိုဝါးဖော၊ နီလာမြင့်၊ ရီရီဦး၊ ခင်မိုးဝေတို့ ပါဝင်ကစားခဲ့ကြသည်။ မြန်မာအသင်း အနေဖြင့် ပွဲချိန် တစ်လျှေက်ခြေစွမ်း အသာစီးဖြင့် ကစားနိုင်ခဲ့သော်လည်း ပထမပိုင်းတွင် ဂိုးရရှိရေး ခက်ခဲနေခဲ့သည်။ ပွဲအစ (၁)မိနစ် မပြည့်မီမှာပင် မြန်မာတို့ ပြစ်ဒဏ်ဘော ကန်ခွင့် ရခဲ့ပြီး အဆိုပါ ပြစ်ဒဏ်ဘောကို သန်းသန်းထွေး တိုက်ရိုက် ကန်သွင်းခဲ့ရာ ဂိုးဘားပေါ် ကပ်ကျော်သွားခဲ့သည်။ မြန်မာအသင်း အနေဖြင့် အစွမ်းကုန် ခုခံနေသည့် လာအိုနောက်ခံလူများကြောင့် ဂိုးရရန် ခက်ခဲနေခဲ့ပြီး ပွဲချိန် (၃၁)မိနစ် အရောက်တွင်မှ အဖွင့်ဂိုးကို သွင်းယူနိုင်ခဲ့သည်။ ထိုဂိုးကို အသင်းခေါင်းဆောင် စန်းစန်းမော်က ပင်နယ်တီမှ တစ်ဆင့် သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။

ဒုတိယပိုင်း အရောက်တွင် မြန်မာအသင်း နည်းပြချုပ် ကုမာဒါက တိုက်စစ် ကစားသမား ခင်မာလာထွန်းကို ထည့်သွင်းကာ တိုက်စစ်မြှင့်ခဲ့သည်။ ခင်မာလာထွန်း ၀င်ရောက်လာပြီးနောက် မြန်မာအသင်း၏ တိုက်စစ်ပိုင်း သိသိသာသာ အားကောင်းလာခဲ့ပြီး ဂိုးများလည်း ရရှိခဲ့သည်။ ဒုတိယအပိုင်း စစချင်းတွင် မြန်မာတို့ ပြစ်ဒဏ်ဘော ကန်ခွင့်ရခဲ့ပြီး စန်းစန်းမော်၏ ကန်တင်ချက်ကို လာအိုဂိုးသမား (၂)ဆင့် ကာကွယ် ခဲ့ရသည်။ ပွဲချိန် (၅၂)မိနစ် အရောက်တွင် မြန်မာ အမျိုးသမီးတို့ ဒုတိယဂိုး ရရှိခဲ့သည်။ ဧရိယာအတွင်း ရီရီဦး အစွမ်းပြ ဖန်တီးပေးရာမှ ခင်မာလာထွန်းက ဂိုးသမားနှင့် အတွေ့တွင် ထောင့်ကျဉ်းထဲသို့ ကန်သွင်းခဲ့ခြင်း ဖြစ်သည်။ ပွဲချိန် (၅၆)မိနစ်တွင် မြန်မာတို့ နောက်တစ်ကြိမ် ကန်ခွင့် ရခဲ့ပြီး ခင်မိုးဝေ၏ ကန်သွင်းချက် ဂိုးဘေးထွက်ခဲ့သည်။ ပွဲချိန် (၆၄)မိနစ်တွင် ခင်မာလာထွန်း၏ ပြစ်ဒဏ်ဘော ကန်သွင်းချက် ဂိုးဘားထိခဲ့သောကြောင့် မြန်မာတို့ ဦးဆောင်ဂိုး နောက်တစ်ကြိမ် ရနိုင်သည့် အခွင့်အရေးကို လက်လွှတ်ခဲ့ရသည်။ ပွဲချိန် (၆၇)မိနစ်တွင် ညာခြမ်းမှ စန်းစန်းမော်၏ ဖြတ်တင်ဘောကို မာဂရတ်မာရီ အပိုင်ခေါင်းတိုက်ခွင့် ရခဲ့သော်လည်း ဂိုးပေါက်လွဲချော် ခဲ့ပြန်သည်။ မြန်မာအသင်း အနေဖြင့် ဆက်တိုက် ဖိကစားနေခဲ့ပြီး ပွဲချိန် (၇၁)မိနစ်နှင့် (၇၂)မိနစ်များတွင် ရီရီဦးနှင့် ခင်မိုးဝေတို့ (၂)ကြိမ်ဆက် ခေါင်းတိုက်ခွင့် ရခဲ့ပြီး ရီရီဦး၏ ခေါင်းတိုက်ချက်မှာ ဂိုးပေါက်လွဲခဲ့သလို ခင်မိုးဝေ၏ ခေါင်းတိုက်ချက်မှာ ဂိုးဘားကို ထိသွားခဲ့သည်။ ပွဲချိန် (၇၅)မိနစ်တွင်မူ မြန်မာတို့ တတိယဂိုး ရရှိခဲ့သည်။ လာအို နောက်ခံလူ၏ ဂိုးလွန်ဘော ကန်တင်မှုမှ မာဂရက်မာရီ ရရှိသွားပြီး ရီရီဦးကို ဖန်တီးပေးခဲ့ရာ ရီရီဦးက အပိုင်ကန်သွင်း ခဲ့ခြင်း ဖြစ်သည်။ (၇၇)မိနစ်တွင် ခင်မာလာထွန်း၏ ကန်သွင်းမှု တစ်ကြိမ်ကိုလည်း လာအိုဂိုးသမား ကာကွယ်ခဲ့ရသည်။ ပွဲချိန် (၇၉)မိနစ်တွင် မြန်မာတို့ စတုတ္ထဂိုးကို ရရှိခဲ့ပြီး ခင်မိုးဝေက ခေါင်းတိုက် သွင်းယူခဲ့ခြင်း ဖြစ်သည်။ ဆက်လက် တိုက်စစ်ဆင်နေသည့် မြန်မာအသင်းသည် မကြာမီမှာပင် နောက်တစ်ဂိုး ထပ်မံ ရရှိခဲ့ပြန်သည်။ ထိုဂိုးကို ခင်မိုးဝေကပင် ထောင့်ကန်ဘောမှ ခေါင်းတိုက် သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။ လက်ကျန် မိနစ်များတွင် မြန်မာတို့ ဆက်လက် ဖိအားပေး ကစားနိုင်ခဲ့သော်လည်း ဂိုးထပ်မရတော့ သောကြောင့် လက်ရှိ ရလဒ်အတိုင်းပင် ပွဲပြီးဆုံးခဲ့သည်။

SoccerMyanmar