ဉာဏ်စမ်း ပဟေဠိ တစ်ခု မေးရန်ရှိ ပါသည်။ စစ်အစိုးရ အုပ်ချုပ်ခဲ့သည့် ဆယ်စုနှစ် များမှာ ဆုတ်ယုတ် သွားသော မြန်မာ့ လူ့အဖွဲ့အစည်းကို ကိုယ်စားပြုသည့် မြင်ကွင်း တစ်ခုရှိသည်။ အစိုးရ မီဒီယာ များမှာလည်း ထိုမြင်ကွင်းက မကြာခဏ ပါလေ့ရှိခဲ့သည်။ ဘာမြင်ကွင်းလဲဟု သင်မှန်အောင် စဉ်းစားနိုင်ပါ သလား။
ဝန်ထမ်းများ မြက်ပေါက် နေကြသည့် မြင်ကွင်း၊ မှားပါသည်။ ဗိုလ်ချုပ်ကြီးများ ဆွမ်းကပ်နေ ကြသည့် မြင်ကွင်း။ ဟင့်အင်း မှားပါသည်။ ကျောင်းဆရာမ များက ဗိုလ်ချုပ်ကြီးများကို လက်အုပ်ချီ နေကြရသည့် မြင်ကွင်း။ မှန်ပါသည် ခင်ဗျား။ ပြီးခဲ့သည့် ဆယ်စုနှစ်များမှာ မြန်မာ့လူ့အဖွဲ့ အစည်း၏ ပျက်ယွင်းပြိုလဲမှုကို ဖော်ပြသည့်မြင်ကွင်းသည် ကျောင်းခန်းများ အတွင်းမှာ ကျောင်းဆရာမ များက ဗိုလ်ချုပ်ကြီး များကို လက်အုပ်ချီ နေကြရသည့် မြင်ကွင်း ဖြစ်ပါသည်။
လေသင်တုန်း အဖြတ်ခံရသည့် မြန်မာ့ပညာရေး စနစ်နှင့် ကြီးထွား လာနေသည့် တပ်မတော်တို့ အကြောင်းကို လေ့လာသုံးသပ်ကြည့် ပါမည်။ အင်္ဂလိပ် ကိုလိုနီဘ၀က လွတ်လပ်ရေး ရချိန်မှာ မြန်မာ့ပညာရေး အဆင့်အတန်းသည် အာရှမှာ ထိပ်တန်းတွင် ရှိသည်ဟု ပညာရေး သုတေသီတို့ သုံးသပ်ခဲ့ကြသည်။ ဒေသတွင်းနိုင်ငံ များက ပညာရေးနှင့် ပတ်သက်လျှင် မြန်မာကို စံထားခဲ့ ကြသည်။ ၁၉၆၂ ခုနှစ် တပ်မတော်က အာဏာသိမ်းပြီးနောက်ပိုင်း မှာတော့ ပညာရေးသည် မြင့်ရာမှ နိမ့်ရာသို့ လိမ့်ဆင်းလာ ခဲ့တော့သည်။
ပြီးခဲ့သည့် စစ်ခေါင်းဆောင်များက ပညာရေးနှင့် ပတ်သက်၍ မဟာ အမှားကြီးနှစ်ခုကို လုပ်ခဲ့သည်။ တစ်ခုကတော့ ပညာရေးကို အာဏာတည်မြဲရေး အတွက် နိုင်ငံရေးမှာ အသုံးချသည့် နည်းလမ်းဖြစ်ပြီး နောက်တစ်နည်းကတော့ ရင်းနှီးမြှုပ်နှံမှု အားနည်းလွန်းခြင်း (Under-investment)ဖြစ်သည်။ ဗိုလ်ချုပ်ကြီး နေ၀င်း၏ ဆိုရှယ်လစ် ခေတ်တစ်လျှောက် လုံးမှာ ပညာရေးကို နိုင်ငံရေး အတွက် အတိအကျပြော ရလျှင် မဆလပါတီ တည်မြဲဖို့ အတွက် အသုံးချခဲ့သည်။ မျိုးဆက်သစ်များကို မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ် အတွေး အခေါ်ဘောင်ထဲက တစ်ဆင့်သာ တွေးခေါ်စေ ခဲ့သည်။
၁၉၈၈ နောက်ပိုင်း န၀တအစိုးရ တက်လာသည့် နောက်ပိုင်းမှာလည်း အကျင့်ဆိုးကို မဖျောက်တော့ပါ။ တပ်မတော် အခန်းကဏ္ဍနှင့် ခေတ်အဆက်ဆက် စစ်ခေါင်းဆောင်များ၏ပုံရိပ်ကို မြှင့်တင်ဖို့အတွက် မြန်မာ့ပညာရေးကို အသုံးချခဲ့ပြန်ပါသည်။ မြန်မာ့သမိုင်းကို စစ်နိုင်ဘုရင်များ၏သမိုင်းအဖြစ် ပုံသွင်းခဲ့ကြပါသည်။ မြန်မာ၊ အိန္ဒိယနှင့် ပါကစ္စတန်ရေးရာ ကျွမ်းကျင်သူ ဒေါက်တာ မေရီလောက မြန်မာနိုင်ငံ ပညာရေးနှင့် ပတ်သက်သည့် စာတမ်းမှာ အခုလိုရေး ခဲ့သည်။
“အာဏာရှင် စနစ်အများစုမှာ စစ်အစိုးရတွေက ပညာရေး စနစ်ကို ထိန်းချုပ်ရခြင်း အဓိကရည်ရွယ်ချက် တစ်ခုက “လွတ်လပ်စွာ တွေးခေါ်မှု”ကို ခြိမ်းခြောက်မှု တစ်ခုအဖြစ် ရှုမြင်ခြင်း ဖြစ်သည်” သူမက အခုလို ဆက်ရေးသည်။
“လူထုက ပညာမတတ်လေ အန္တရာယ်နည်းလေဟု စစ်ခေါင်းဆောင်များ တွေးကောင်းတွေးနိုင်သည်” နအဖအစိုးရ လက်ထက်တွင် ကာကွယ်ရေး အတွက် နိုင်ငံတော်ဘတ်ဂျက်၏ ၂၅ ရာခိုင်နှုန်းခန့်ကို သုံးစွဲချိန်မှာ ပညာရေးအတွက်တော့ ၁ ဒသမ ၂ ရာခိုင်နှုန်းခန့်သာ သုံးစွဲခဲ့သည်ဟု စောင့်ကြည့်သူများက ခန့်မှန်းကြသည်။ ၂၀၀၈ ခုနှစ်မှာ ယူနီဆက်ဖ်က မြန်မာ့ပညာရေးကို အခုလိုကြေညာခဲ့ဖူးသည်။
မြန်မာ ကလေးငယ် ၁၀ ဦးမှာ သုံးဦးက အခြေခံပညာကို တက်ခွင့်မရဘဲ အခြေခံပညာမူလတန်းကို တက်ရောက်သူ ကလေးများ၏ ၅၀ ရာခိုင်နှုန်းကတော့ အလယ်တန်းကို ရောက်မလာကြပါဟုဆိုသည်။ နောက်ဆုံးအကြိမ် လစာမတိုးခင်အချိန်ထိ နအဖခေတ်မှာ မူလတန်းပြဆရာ၊ ဆရာမများ လစာလေးသောင်းကျော်သာ ရကြသည်။ ဒေါ်လာပေါက်ဈေးနှင့်တွက်လျှင် တစ်နေ့ဝင်ငွေ ကျပ်တစ်ထောင်ကျော်သာ ရှိသည့်အတွက် ကမ္ဘာ့ဘဏ်၏ သုံးသပ်ချက်ဖြစ်သည့် တစ်နေ့ဝင်ငွေ နှစ်ဒေါ်လာအောက်ရှိသည့် အလယ်အလတ် ဆင်းရဲမွဲတေမှု မျဉ်းအောက်မှာ ရောက်နေသည်။ ယူနီဆက်ဖ်၏ မူဝါဒနှင့် အလေ့အထဌာနခွဲ (Division of Policy andPractice)က ကမ္ဘာတစ်လွှားရှိ ကျောင်းဆရာ၊ ဆရာမများနှင့် ပတ်သက်သည့် ၂၀၁၀ ခုနှစ် ထုတ်ပြန်ချက်တွင် လစာနည်းပါးမှုနှင့် ကုန်ဈေးနှုန်းမြင့်တက်ခြင်းကို အခံစားရဆုံး ကျောင်းဆရာများမှာ မြန်မာနှင့်ကွန်ဂိုနိုင်ငံများက ဖြစ်သည်ဟု ဆိုသည်။
“ပြီးခဲ့သည့် ၂ နှစ်အတွင်းမှာ မြန်မာနှင့်ကွန်ဂိုနိုင်ငံများမှ ကျောင်းဆရာများ၏လစာသည် (ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့်) ၄၀ ရာခိုင်နှုန်း အလိုအလျောက်လျော့နည်း သွားခဲ့သည်”ဟု အစီရင် ခံစာက ဖော်ပြထားသည်။ ပညာရေးကို မထောက်ပံ့ခြင်းနှင့် မျိုးဆက်သစ်တို့အပေါ် ထားရှိသည့် နိုင်ငံ့ခေါင်းဆောင်များ၏ စေတနာသည် တိုက်ရိုက်အချိုးကျသည်ဟု သုံးသပ်ရတော့မည်။ နောက်ဆက်တွဲရလဒ်များကတော့ ဆရာ၊ ဆရာမများအကြားက ကျင့်ဝတ်ဖောက်ဖျက်မှုများ၊ ကမ္ဘာပေါ်မှာ ဘယ်သူကမှ အသိအမှတ်မပြုသည့် “ဘွဲ့”များနှင့် လမ်းလျှောက်ရင်းလမ်းပျောက်သွားသည့် လူ့အဖွဲ့အစည်းတစ်ခု ဖြစ်သည်။
ပညာရေးအရ ကမ္ဘာ့အဆင့်အတန်း အောက်ဆုံးကို ထိုးကျနေချိန်မှာ ကာကွယ်ရေးကတော့ ထိပ်မှာရှိနေပြီဟု ကြံဖန် ဂုဏ်ယူရမလို ဖြစ်နေသည်။ တပ်သားဦးရေ လေးသိန်းနှင့်ငါးသိန်းကြားရှိနိုင်သည့် မြန်မာ့တပ်မတော်သည် ကမ္ဘာ့စစ်တပ်များအကြားတွင် စစ်သည်အင်အားအများဆုံး အဆင့် ၉ (သို့မဟုတ်) ၁၀ ၀န်းကျင်တွင်ရှိနေသည်ဟု စစ်ဘက်ရေးရာကျွမ်းကျင်သူများက သုံးသပ်ကြသည်။ စစ်သည် အင်အား အရကြည့်လျှင် တရုတ်၊ အမေရိကန်၊ ရုရှ၊ အိန္ဒိယ၊ ပါကစ္စတန်၊ တူရကီတို့လို ခေါပဏီတပ်ကြီးများနောက်မှာ မြန်မာရှိနေသည့်သဘောဖြစ်သည်။ လူဦးရေ သန်း ၆၀ သာရှိသည့် နိုင်ငံမှာ စစ်သည်အင်အား လေးသိန်းကျော်ရှိနေသည့် မြန်မာနိုင်ငံနှင့် လူဦးရေ သန်း ၂၀၀ ကျော်မှာ စစ်သည် ငါးသိန်းမပြည့်သည့် အင်ဒိုနီးရှားတို့ကို နှိုင်းယှဉ်ကြည့်နိုင်သည်။ CIA World Fact Book ၏ ခန့်မှန်းချက်အရ နိုင်ငံတစ်နိုင်ငံချင်းစီ၏ GDP နှင့် ကာကွယ်ရေးအသုံးစရိတ်၏ ရာခိုင်နှုန်းနှိုင်းယှဉ်ချက်တွင်လည်း မြန်မာနိုင်ငံသည် နံပါတ် ၁၇ ဖြင့် ကမ္ဘာ့ထိပ်ဆုံးတွင် ရပ်တည်နေသည်ကို တွေ့ရပါသည်။ အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားရေးဟု ဆိုကြဦးမည်လားမသိပါ။
ကာကွယ်ရေး အသုံးစရိတ် မြင့်မားတိုင်း တပ်မတော်သားတို့၏ဘ၀ မြင့်မားသည်မဟုတ်ပါ။ မြေပြင်ဝေဟင်ပစ်ဒုံးပျံ၊ မြေအောက်ဥမင်လိုဏ်ခေါင်းနှင့် အဆင့်မြင့်တိုက်လေယာဉ်များ ၀ယ်ယူမှုသည် တပ်မတော်သားတို့၏ ဟန်းကောချိုင့်နှင့်မသက်ဆိုင်လှပါ။ အောက်ခြေတွင် အနစ်နာခံ၊ ဆင်းရဲပင်ပန်းခံနေရသည့် တပ်သားများ၏ဘ၀များကိုလည်း မြှင့်တင်ဖို့လိုပါသည်။
ပြည်တွင်းစစ် ရပ်စဲရေးသည် နိုင်ငံ၏အနာဂတ်ကို ပြန်လည်စတင်ဖို့ ပထမဆုံးခြေလှမ်းဖြစ်သည်။ ကမ္ဘာပတ်၍ လက်နက်ဝယ်ယူနေချိန်မှာ ပညာရေးကိုမြှင့်တင်ဖို့ ကမ္ဘာပတ်၍ အကူအညီတောင်းနေခြင်းသည် ပတ်ဝန်းကျင်အမြင်တွင် သင့်တော်မည်မထင်ပါ။ ပညာရေးသည် နိုင်ငံဖွံ့ဖြိုးရေးအတွက် လူသားအရင်းအနှီး (Human Capital)ကို မြှုပ်နှံခြင်းဖြစ်သည်။ ပညာရေးကိုအားပေးခြင်းသည် အရွယ်မတိုင်မီ သေဆုံးသည့် ပြည်သူများကို ကယ်တင်နိုင်သည်။ ဒုစရိုက်မှုဖြစ်ပွားနှုန်းကို လျှော့ချနိုင်သည်။ အကြမ်းဖက်မှုကို ရေရှည်ပပျောက်စေနိုင်သည်။ ပြန်လည် မရရှိနိုင်သည့် သဘာဝ အရင်းအမြစ်များကို ရောင်းချရန် မလိုဘဲ ဂုဏ်သိက္ခာရှိသည့် စီးပွားရေး စနစ်ကို ထူထောင်စေနိုင်သည်။ ပညာရေးသည် အရာအားလုံး အစဖြစ်သည်။ ဒီကနေ့ပဲ စကြပါစို့။ ။
ရဲမိုး
