တစ်ခါက သူဌေးကြီးတစ်ယောက်ဟာ ပင်လယ်ကမ်းခြေဘက်ကို လမ်းလျှောက်ထွက်လာရင်း ကမ်းစပ်မှာ တံငါလှေတစ်စီးနဲ့ ပင်လယ်ထဲက ငါးဖမ်းရာကနေ ပြန်လာတဲ့ လူငယ်တစ်ဦးနဲ့ တွေ့ပါတယ်။
သူဌေးကြီးက တံငါလူငယ်လေးကို နှုတ်ဆက်ပြီး စကားစမြည် ပြောကြပါတယ်။
သူဌေးကြီးက မေးတယ်။ “မင်း အဖိုး ရှိသေးလား”
တံငါ လူငယ်။ ။ “မရှိတော့ဘူးဗျ ၊ သေသွားပြီ”
သူဌေးကြီး။ ။ “ဘယ်လိုသေတာလဲ”
တံငါ လူငယ်။ ။ “ပင်လယ်ထဲမှာဘဲ မုန်တိုင်းမိပြီး သေသွားတာ”
သူဌေးကြီး။ ။ “မင်း အဖေရော ရှိသေးလား”
တံငါလူငယ်။ ။ “သူလည်း သေသွားပြီ”
သူဌေးကြီး။ ။ သြော် ၊ ဖြစ်ရလေ ၊ ဒါနဲ့ သူကရော ဘယ်လိုသေတာလဲ”
တံငါလူငယ်။ ။ “အတူတူဘဲ ၊ ပင်လယ်ထဲမှာဘဲ မုန်တိုင်းမိ သေသွားတာ”
သူဌေး။ ။ “သြော် - ဒါဆို မင်းတို့ရဲ့ ပင်လယ်ကြီးက တယ်ကြောက်စရာကောင်းတာဘဲနော်”
သူဌေးကြီး စကားကြားတော့ တံငါ လူငယ်လေး ခဏ တွေဝေသွားတယ်။ နောက် သူက သူဌေးကြီးကို ပြန်မေးတယ်။
တံငါလူငယ်။ ။ “သူဌေးကြီးရဲ့ အဖိုးရော ရှိသေးလား”
သူဌေးကြီး။ ။ “ဘယ်ရှိတော့မလဲ ၊ သေသွားပြီပေါ့ကွ”
တံငါလူငယ်။ ။ “သူကော ဘယ်နေရာမှာ သေတာလဲ”
သူဌေးကြီး။ ။ “ဟ ! နေမကောင်းပြီး အိပ်ရာထဲမှာဘဲ သေတာပေါ့ကွ”
တံငါလူငယ်။ ။ “သူဌေးကြီး အဖေရော ရှိသေးလား”
သူဌေးကြီး။ ။ “သူလည်း မရှိတော့ဘူး၊ မနှစ်ကဘဲ သေသွားပြီ”
တံငါလူငယ်။ ။ “သူကော ဘယ်နေရာမှာ သေတာလဲ”
သူဌေးကြီး။ ။ “သြော် ! သူလည်း နေမကောင်းပြီး အိပ်ရာထဲမှာဘဲ သေတာပေါ့ကွ”
သူဌေးကြီးရဲ့ စကားအဆုံးမှာ တံငါလူငယ်လေးက ဤသို့ ပြန်ပြောလိုက်လေသတည်း။
တံငါလူငယ်။ ။ “သြော် - သူဌေးကြီးတို့ရဲ့ အိပ်ရာက တယ်ကြောက်စရာ ကောင်းတာဘဲနော်”
...............................................................................................................
(ဒီ post လေးဟာ အမှတ်တမဲ့ ကြည့်လိုက်ရင် “ဟာသ” လို့ ထင်ရပေမယ့် ဟာသ မဟုတ်ပါဘူး။ ဘ၀ဒဿန တစ်ခုကို ပြောချင်တာပါ။ ဘာလဲဆိုတော့ လောကမှာ ကြောက်စရာကောင်းတယ်ဆိုတဲ့ အရာဟာ . . ပင်လယ်လည်းမဟုတ်ဘူး။ အိပ်ရာလည်း မဟုတ်ဘူး။ ကင်ဆာရောဂါလည်း မဟုတ်ဘူး။ AIDS ရောဂါလည်းမဟုတ်ဘူး။ ကား Accident လည်း မဟုတ်ဘူး။ ရန်ပွဲတွေ ၊ စစ်ပွဲတွေလည်း မဟုတ်ဘူး။ ကူးစက်ရောဂါတွေလည်း မဟုတ်ဘူး။ လူသားတစ်ယောက် မွေးဖွားလာချိန်ကစပြီး သူ့နောက်က ထပ်ချပ် အမြဲကပ်လိုက် နေတဲ့ “သေခြင်းတရား” သာလျှင်ဖြစ်တယ်)